အအေးဒဏ် မခံနိုင်ရခြင်းရဲ့ အကြောင်းအရင်းများ

  • 04 Jun, 2020
  • အဖြစ်များသောရောဂါများ

လူသား အများစု အတွက် သာမန် အအေးဒဏ်က မပြောပလောက်ပေမယ့်လည်း အချို့လူတွေကတော့ လေပြေလေးနဲ့ ထိတွေ့လိုက်တဲ့ အခါမှာ၊ အနည်းငယ် မိုးအေးလာတဲ့ အခါမျိုးတွေမှာက အစ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်လာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် အအေးဒဏ် မခံနိုင်ရခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လူသား အများစု အတွက် သာမန် အအေးဒဏ်က မပြောပလောက်ပေမယ့်လည်း အချို့လူတွေကတော့ လေပြေလေးနဲ့ ထိတွေ့လိုက်တဲ့ အခါမှာ၊ အနည်းငယ် မိုးအေးလာတဲ့ အခါမျိုးတွေမှာက အစ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်လာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် အအေးဒဏ် မခံနိုင်ရခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • သွေးအားနည်းခြင်း

အအေးဒဏ် မခံနိုင်ရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုကတော့ သွေးအားနည်းခြင်းပဲ ဖြစ်ပါတယ်။ သွေးအားနည်းခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်း သွေးနီဥ ပမာဏ နည်းပါးသွားမှာဖြစ်ပြီး ခန္ဓာကိုယ် အတွက် လုံလောက်တဲ့ အောက်ဆီဂျင် ပမာဏကို သယ်ယူပို့ဆောင်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အခုလို ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ပမာဏ နည်းပါးသွားတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ခြေဖျား၊ လက်ဖျားအေးခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • သွိုင်းရွိုက်ဓာတ်လျော့နည်းခြင်း

လည်ပင်းနားမှာ တည်ရှိနေတဲ့ သွိုင်းရွိုက်ဂလင်းတွေ အကြောင်းအမျိုးမျိုးကြောင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိဘဲ ခန္ဓာကိုယ်တွင်း သွိုင်းရိုက်ဓာတ် လျော့နည်းသွားတဲ့ အခါမျိုးတွေမှာလည်း အအေးဓာတ် မခံနိုင်ခြင်းကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဓာတ် လျော့နည်းခြင်းကြောင့် အအေးဓာတ် မခံနိုင်ခြင်းအပြင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ အရေပြား ခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန် မြင့်တက်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • ကျောက်ကပ်‌ရောဂါများ ခံစားနေရခြင်း

တစ်ခါတရံမှာ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ဆီးချိုဖြစ်ပွားခြင်းစတဲ့ အကြောင်းအရင်းများကြောင့် ကျောက်ကပ်ရောဂါတွေကို ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ ကျောက်ကပ်ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ခန္ဓာကိုယ် အပူချိန် ကျဆင်းခြင်း၊ အအေးဒဏ် မခံနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ပြင်ပသွေးလွှတ်ကြောဆိုင်ရာ ရောဂါ ခံစားနေရခြင်း

တကယ်လို့ ပြင်ပသွေးလွှတ်ကြောတွေ အကြောင်းအမျိုးမျိုးကြောင့် ကျဉ်းမြောင်းသွားခဲ့မယ်ဆိုရင် လက်မောင်း၊ ခြေထောက်စတဲ့ နေရာတွေကို သွေးစီးဆင်းနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အခုလို လက်မောင်း၊ ခြေထောက်စတဲ့ နေရာတွေမှာ ကောင်းမွန်စွာ သွေးလည်ပတ်မှု မရှိခြင်းကြောင့် နာကျင်ခြင်း၊ ထုံကျဥ်ကိုက်ခဲခြင်း၊ အေးစက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ပြင်ပ သွေးလွှတ်ကြောဆိုင်ရာ ရောဂါဟာ အလျှင်အမြန် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်တာကြောင့် သင့်အနေနဲ့ လက်တစ်ဖက်တည်း၊ ဒါမှမဟုတ် ခြေထောက်တစ်ဖက်တည်း အေးစက်ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ အားနည်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားရောက်ပြီး ဆေးဝါးကုသမှုတွေ ခံယူသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်တွင်း ဗီတာမင် B12 ဓာတ် လျော့နည်းခြင်း

ခန္ဓာကိုယ်တွင်း ဗီတာမင် B12 ဓာတ် လျော့နည်းသွားတဲ့ အခါမှာလည်း သွေးအားနည်းခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် အအေးဒဏ် မခံနိုင်ခြင်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကို ပြန်လည် ဖြည့်တင်းပေးနိုင်ဖို့ အတွက် ကြက်ဥ၊ ဘဲဥတွေ၊ ကြက်သားတွေ၊ ငါးတွေ စားသုံးပေးခြင်း၊ ဆရာဝန် ညွှန်ကြားချက် အတိုင်း ဗီတာမင် B12 ဖြည့်စွက်အားဆေးများ သောက်သုံးခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

  • သံဓာတ်လျော့နည်းခြင်း

ခန္ဓာကိုယ်တွင်း သံဓာတ် လျော့နည်းသွားတဲ့ အခါမှာလည်း သွေးအားနည်းခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် အအေးဒဏ် မခံနိုင်ခြင်းကို ခံစားရနိုင်ပါတယ်။ သံဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် အကောင်းဆုံး အစားအစာကတော့ အနီရောင် အသားတွေဖြစ်တဲ့ အမဲသား၊ သိုးသား၊ ဆိတ်သားတို့ပဲ ဖြစ်ပါတယ်။

  • အရက်သောက်ခြင်း

အရက်သောက်ခါစ အချိန်တွေမှာ ခန္ဓာကိုယ် တစ်ခုလုံး ပူရှိန်းသွားစေမှာ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်း အပူချိန်ကျဆင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် ဦးနှောက် အနေနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်ကို ကောင်းမွန်စွာ ထိန်းညှိနိုင်တော့မှာ မဟုတ်ဘဲ အအေးဒဏ် မခံနိုင်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။  

REF: WebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.